ရန်ကုန်မြို့လယ်ခေါင်ရှိ မျက်နှာကျက်မြင့်မြင့် တိုက်ခန်းတစ်ခုတွင် တက်ကြွလှုပ်ရှားသူများနှင့် စာနယ်ဇင်းသမားများ ကြမ်းပြင်ပေါ်တွင် ကိုယ်စီ နေရာယူထားကြသည်။ တစ်ချို့က ပုံမှန်လာနေကြဖြစ်ပြီး တစ်ချို့အတွက်က ယခုမှ ပထမဆုံးအကြိမ်။ ဆေးရောင်စုံများ၊ စုတ်တံများ၊ ဆေးစပ်သည့်ခွက်များကလည်း စက်ဝိုင်းပုံ သစ်သားစားပွဲများပေါ်တွင် အစီအရီ။
တောက်ပပြီး လေဝင်လေထွက် ကောင်းသော ထိုတိုက်ခန်းတွင် အနုပညာအမျိုးမျိုးတို့ ယာယီ therapy center ဖြင့် ပြည့်နှက်လျက်ရှိသည်။ ကိုယ်တိုင်ချုပ်စာအုပ်များကို အခန်းအနှံ့တွေ့ရပြီး အုတ်နံရံပေါ်တွင် တိုက်ရိုက်ရေးဆွဲထားသည့် ကြီးမားလှသည့် နံရံဆေးရေးပန်းချီများကိုလည်း တွေ့ရသည်။
နံရံဆေးရေး ပန်းချီများအကြား ဖန်တီးမှုတစ်ခုက တမူကွဲပြားလျက်ရှိပြီး ထိုဖန်တီးမှုကပင် သူတို့အားလုံး ဒီမှာရှိနေရသည့် အကြောင်းအရင်းကို သတိပေးလျက်ရှိသည်။
ထိုအရာကား အခန်းထောင့်တွင် ချိတ်ဆွဲထားသည့် “Everything will be OK” ဟု ရေးထားသော တီရှပ်အနက်တစ်ထည်။ မတ်လအတွင်းက ဆန္ဒပြမှုတစ်ခုအတွင်း စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးသွားခဲ့ရသူ ၁၉ နှစ်အရွယ် မကြယ်စင် နောက်ဆုံးဝတ်ဆင်ခဲ့သော တီရှပ်နှင့် ဆင်တူ တီရှပ်တစ်ထည်ဖြစ်သည်။ သူမသည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်သူပေါင်း ၈၅၀ကျော်အနက်မှ တစ်ဦးဖြစ်သည်။ ဧည့်သည်များမှာ အရသာခံ (Ayathakan) အဖွဲ့မှ ပြုလုပ်သော အနုပညာရှင်များအတွက်ဖွင့်လှစ်ပေးသည့် ယာယီ ကုထုံး ကဏ္ဍအတွက် ရောက်ရှိနေကြခြင်းဖြစ်သည်။
အဆိုပါအဖွဲ့သည် အာဏာာသိမ်းမှုကို ဆန့်ကျင်နေကြသော လူများ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် သေဆုံးမှုများနှင့် ပျက်စီးမှုများကြောင့် ရရှိလာသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဧပြီလဆန်းပိုင်းတည်းက ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို တစ်ပတ်တစ်ခါပြုလုပ်လျက်ရှိသည်။
ARTyathakan ဟု အမည်ရသော အပတ်စဉ်ဆွေးနွေးပွဲများကို အဓိက ဦးဆောင်သူ M က “အာဏာာစသိမ်းတော့ အကုန်လုံးက အွန်လိုင်းပေါ်မှာ၊ တစ်ယောက်ကိုတစ်ယောက်လည်း အယုံအကြည်မရှိကြတော့ဘူး။ သူငယ်ချင်း အသစ်တွေနဲ့လည်း မိတ်မဖွဲ့ကြတော့သလို ရှိပြီးသား သူငယ်ချင်းတွေနဲ့လည်း မတွေ့ဖြစ်ကြတော့ အသိုင်းအဝိုင်းတွေက ပိုပို ကျဉ်း၊ ကျဉ်းလာတယ်” ဟု ဆိုသည်။
စိတ်ရောဂါဟုဆိုလိုက်လျှင် မြန်မာနိုင်ငံတွင် မနှစ်မြို့စရာ အခြေအနေတစ်ခုအဖြစ် ရှုမြင်တတ်ကြပြီး တော်ရုံဖြင့် ပြောလေ့မရှိကြပေ။ စိတ်ကျန်းမာရေးဟုဆိုလိုက်လျှင်ပင် အသိုင်းအဝိုင်းကြား၊ မိသားစုကြားတွင်ပင် ခွဲခြားဆက်ဆံခံရခြင်းမျိုး ကြုံတွေ့နိုင်သည်။ ဂုဏ်သိက္ခာနှင့် မျက်နှာပျက်ရသည် ဆိုသည့် အယူအဆများက မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ပျံ့နှံ့နေပြီး ထိုအယူအဆများကပင် လူများ စိတ်ကျန်းမာရေးကုသမှု ခံယူရန် လိုအပ်နေကြောင်း ဝန်ခံခြင်းမှ အတားအဆီး အဟန့်အတားတစ်ခုဖြစ်နေစေသည်။
“တစ်စုံတစ်ယောက်က သူ့ရဲ့ စိတ်ခံစားချက်တွေကို စကားနဲ့ မပြောချင်ရင်တောင်မှ ပုံဆွဲပြီး ဖော်ပြလို့ ရပါသေးတယ်။”
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ အာဏာာသိမ်းမှုကို ဖေဖော်ဝါရီလတွင် ကြုံတွေ့ရပြီးနောက်ပိုင်း စိတ်ကျန်းမာရေးပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက လူအများအနေဖြင့် ၎င်းတို့၏ စိတ်ခံစားချက်များကို လွတ်လွတ်လပ်လပ် ရှာဖွေ၊ ထုတ်ဖော်နိုင်မည့် နေရာများ လိုအပ်သည်ဟု အလေးထားပြောကြားလာကြသည်။
University of Vermont မှ clinical psychology ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရယူရန်ကြိုးပမ်းနေသူ မဖြူပန်းနုခင်က အာဏာသိမ်းကာလအတွင်း လူများ ဝမ်းနည်းမှုနှင့် စိတ်ဒဏ်ရာမှ ရသော တုံ့ပြန်မှုများကို နားလည်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် Twitter တွင် မြန်မာဘာသာဖြင့် graphic များကို မျှဝေခဲ့သည်။ သူမ၏ ဖခင်သည်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူမ၏ ပို့စ်များကို ရာပေါင်းများစွာက retweet နှင့် like ပြုလုပ်ကြသောအခါ သူမအနေဖြင့် အံ့အားသင့်ခဲ့ရပြီး သူစိမ်းများက သူမနှင့် ဆက်သွယ်လာသောအခါ ပို၍ပင် အံ့ဩခဲ့ရသည်။
သူမ အမြဲထပ်တလဲလဲပြောဖြစ်သော အကြောင်းအရာမှာ survivor’s guilt အကြောင်းဖြစ်သည်။ အထူးသဖြင့် မိမိချစ်ခင်ရသူတို့ အဖမ်းခံရ သို့မဟုတ် အသတ်ခံရပြီး ကျန်ရစ်သူများထံမှဖြစ်သည်။ သူတို့က သူတို့ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်ဖို့ တစ်ခုခုလုပ်ခဲ့သင့်တယ်လို့ အမြဲတွေးကြောင်း ဝန်ခံပြောဆိုကြတယ်ဟု ပန်းနုက New Naratif သို့ ပြောသည်။
“ခဏလေးပြုံးလိုက်မိရင်တောင်၊ အသက်ဆက်ရှင်ဖို့ လုပ်ရမယ့်အရာတွေ ဖြစ်တဲ့ အစားစားရင်တောင်၊ ညဘက် အိပ်မိသွားရင်တောင်၊ အပြစ်တစ်ခုခု လုပ်နေသလို ခံစားနေရတယ်” ဟု ပန်းနုက ပြောသည်။ “သင့်စိတ်ထဲမှာ ငါ့ သူငယ်ချင်းတွေက ထွက်ပြေးနေရတယ် ဒါမှမဟုတ် တောထဲမှာ နေနေရတယ်။ ငါကတော့ ခေါင်းအုံးနဲ့ အိပ်နေတယ် ဆိုပြီး တွေးနေမိတတ်တယ်။”
ခံစားချက်များကို ရေးဆွဲပုံဖော်ကြည့်ပါ။
M က ARTyathakan ကို ရန်ကုန်သားများ အပြင်တွင် လူချင်းတွေ့ပြီး ၎င်းတို့၏ ခံစားချက်များ၊ အတွေ့အကြုံများကို သက်သောင့်သက်သာ မျှဝေနိုင်မည့် ပတ်ဝန်းကျင်လေးတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရည်ရွယ်ထားသည်။
“ဖေဖော်ဝါရီလကတည်းက စပြီး ကျွန်မအပါအဝင် အားလုံးရဲ့ စိတ်ကျန်းမာရေးက ယိုယွင်းလာတာကို သတိထားမိခဲ့ကြတယ်။ ကျွန်မတို့အားလုံး ရင်ထဲမှာ ပြည့်ကြပ်နေကြတယ်။” ဟု သူမက ပြောသည်။ “ကျွန်မတို့ရဲ့ ဦးနှောက်က အလုပ်မလုပ်တော့ဘူးဆိုရင် အခြားအရာတွေကိုပါ ထိခိုက်လာပြီ။ ငါတို့အားလုံး အတူတူစုပြီး ဒီအကြောင်းတွေကို ဆွေးနွေးရရင် ဘယ်လိုနေမလဲဆိုပြီး ကျွန်မတွေးမိလိုက်တယ်။”
M ရဲ့ သူငယ်ချင်းတစ်ယောက်က ရန်ကုန်အခြေစိုက် Counselling Corner ကနေတဆင့် အနုပညာကုထုံးအစီအစဉ်ကို ပါဝင်ဖြစ်ခဲ့ပြီး သူတို့က သမားရိုးကျစကားဝိုင်းများအစား ယခုနည်းစနစ်အသစ်ကို အသုံးပြုကြည့်ဖို အရသာခံ မှ အနုပညာရှင်များကို အကြံပေးခဲ့ကြသည်။

“တစ်စုံတစ်ယောက်က သူ့ရဲ့ ခံစားချက်တွေကို စကားနဲ့ မပြောချင်ရင်တောင်မှ ပုံဆွဲပြီး ဖော်ပြလို့ ရပါသေးတယ်။” ဟု M က ဆိုသည်။ “ပုံမှန် therapy ကို သွားမယ်ဆိုရင် စကားပြောရမယ်။ သူတို့ခံစားချက်တွေကို စကားအဖြစ် ထုတ်မပြောရဲတဲ့သူတွေက သူတို့ခံစားနေရတာတွေကို ချဆွဲလိုက်ရင် သူတို့အတွက် ပိုလွယ်ကူလိမ့်မယ်လို့ တွေးမိတယ်။
ARTyathakan အစီအစဉ်တစ်ခုချင်းစီကို Counselling Corner မှ စိတ်ကျန်းမာရေးပညာရှင်တစ်ဦးက တက်ရောက်သူအားလုံးကို လုံလုံခြုံခြုံ ရင်ဖွင့်၍ရသော နေရာဖြစ်ကြောင်း အသိပေးခြင်းဖြင့် စတင်လေ့ရှိသည်။
ပန်းနုက လုံလုံခြုံခြုံ ရင်ဖွင့်၍ရသောနေရာကို “သင်က လူတိုင်းမှာ မတူညီတဲ့ ဘဝအတွေ့အကြုံတွေရှိတာကို သတိပြုမိပြီး လူတိုင်းရဲ့ တုံ့ပြန်မှုနဲ့ အတွေ့အကြုံတွေကို တလေးတစားရှိတဲ့ နေရာမျိုးပေါ့။ လူတိုင်းက သင့် ရိုးသားမှုနဲ့ အားနည်းချက်ကို တန်ဖိုးထားဂရုပြုပြီး မှန်တယ်၊ မှားတယ်ဆိုတဲ့ တုံ့ပြန်မှုမျိုး မရှိတဲ့ နေရာပေါ့။” ဟု အဓိပ္ပာယ်ဖွင့်သည်။
တက်ရောက်သူများက သူတို့၏ ခံစားချက်များ သို့မဟုတ် အတွေးများကို ရေးဆွဲနေချိန် ငြိမ့်ငြောင်းသာယာသော နောက်ခံဂီတသံများ ဖွင့်လှစ်ထားသည်။ ထို့နောက် တစ်ယောက်ချင်းစီက သူတို့၏ ပုံများ နောက်ကွယ်က ခံစားချက်များ၊ အတွေးအမြင်များကို မျှဝေကြသည်။
ပြီးခဲ့သည့် အစီအစဉ်များတွင် တက်ရောက်ခဲ့သူများအနက် အချို့က အပြစ်ရှိသည်ဟုခံစားမနေဘဲပျော်အောင် မနေတတ်ကြတော့ဟု ရင်ဖွင့်သည်။ အချို့က ပျော်စရာ အမှတ်တရများကို ပြန်တွေးပြီး သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ပြန်မှ တွေ့ရပါ့မလားဟု တွေးကြသည်။ အချို့က နာရီပေါင်းများစွာ တက်ကြွလှုပ်ရှားပြီးတောင် အကူအညီမဲ့ပြီး ကိုယ့်ကိုယ်ကို အဖြစ်မရှိဟု ထင်လာကြသည်။
“ရေရှည်ဒီလို အရေးတော်ပုံအတွက် တက်ကြွလှုပ်ရှားနိုင်စေဖို့ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီက ဆက်တိုက်ပါဝင်ဖို့ လိုအပ်တာကြောင့် စိတ်ခွန်အားပျက် မညှိုးနွမ်းသွားအောင် ကြိုးစားရမှာပါ။”
M က တက်ရောက်သူတွေ အနေနှင့် သူတို့ကိုယ် သူတို့ မည်မျှ ချုပ်တည်းထားမိသည်ကို သတိမထားမိကြကြောင်းနှင့် သူတို့ကိုယ်တိုင်က ဆွေးနွေးရင်း ငိုချမိသည်ကိုပင် အံ့အားသင့်နေကြကြောင်း မှတ်ချက်ပြုသည်။
ARTyathakan အကြောင်း Instagram မှတဆင့် သတိထားမိပြီး အစီအစဉ်တစ်ခုတက်ခဲ့သည့် ဒေသခံ တက်ကြွလှုပ်ရှားသူ ခင်က “အနုပညာတစ်ခုကို အချိန်တစ်ခုပေးပြီး ဖန်တီးလို့ရမယ်၊ ကျွန်မရဲ့ အတွေးတွေကို ရှာဖွေနိုင်မယ့် နေရာတစ်ခုရှိတယ် ဆိုတဲ့ အသိက ကျွန်မစိတ်စားလာအောင် ဆွဲဆောင်စေခဲ့တာပဲဖြစ်ပါတယ်” ဟု ဆိုသည်။
“မိသားစုဝင်တွေနဲ့ သူငယ်ချင်းအရင်းကြီးတွေမှာဆို တစ်ချို့အရာတွေက ပွင့်ပွင့်လင်းလင်းပြောဖို့ ခက်တယ်လေ။ ဒါပေမဲ့ ကိုယ်နဲ့ မသိတဲ့လူတွေနဲ့ကျ ပိုပြီး ပြောရဆိုရတာ လွတ်လွတ်လပ်လပ် ရှိသလိုပဲ။” ဟု ခင်က ပြောသည်။ “ပြီးတော့ ဒီအစီအစဉ်က စိတ်ကိုသက်သာရာလည်း ရစေတယ်။”
စုပေါင်းနာကျင်မှု၊ စုပေါင်းဆုံးရှုံးမှု
အနုပညာကုထုံးဆိုသည်မှာ အာဏာသိမ်းကာလအတွင်း တစ်ကိုယ်ရေ စိတ်သက်သာမှုရစေရန်အတွက် သီးသန့်မဟုတ်ဘဲ ထို့ထက်မကပိုသည်။ ကိုယ့်စိတ်ကျန်းမာရေးကို ကိုယ်စောင့်ရှောက်ခြင်းသည် အာဏာရှင်ကို ဆန့်ကျင်သော နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်ဟု ပန်းနုကပြောသည်။
“ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့နဲ့ တော်လှန်ရေးမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်ဖို့ အားဖြည့်ဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကို ပြောဖြစ်တယ်။” ဟု ပန်းနုကပြောသည်။ “ဒါက အားလုံးအတွက် မှန်တယ်။ ကျွန်မတို့ကို အမြဲစိတ်ဆင်းရဲ ဒုက္ခရောက်စေချင်နေတဲ့ စစ်အာဏာရှင်လက်အောက်မှာ မိမိကိုယ်ကို အမှန်တကယ် ဂရုစိုက်မှုဆိုသည်မှာလည်း တော်လှန်ရေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ရေရှည်ဒီလို အရေးတော်ပုံအတွက် တက်ကြွလှုပ်ရှားနိုင်စေဖို့ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီက ဆက်တိုက်ပါဝင်ဖို့ လိုအပ်တာကြောင့် စိတ်ခွန်အားပျက် မညှိုးနွမ်းသွားအောင် ကြိုးစားရမှာပါ။”
ဒေသခံ တက်ကြွလှုပ်ရှားသူများက ယခုအချက်ကို ရင်ထဲစွဲနေအောင် မှတ်ထားကြသည်။ ကြီးတော်စကားဝိုင်း podcast ၏ ပဲ့ကိုင်ရှင်၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ နန္ဒာက အာဏာသိမ်းပြီးကတည်းက စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် podcast များကို တစ်ပိုင်းချင်းစီ တင်ဆက်လျက်ရှိသည်။
ဝမ်းနည်းပူဆွေးမှု၏ အဆင့်ခုနှစ်ဆင့်၊ စိတ်ကျန်းမာရေးအကြောင်း ကလေးများကို မျှဝေနည်း အစရှိသည့် အကြောင်းအရာများကို သူမက ပြောလေ့ရှိသည်။ အပိုင်းတစ်ခုချင်းစီတွင် လေ့လာသင်ကြားထားသော စိတ်ကျန်းမာရေးပညာရှင်တစ်ဦး ပါဝင်ဟောပြောသည်။ မြန်မာနိုင်ငံသားများအတွက် လက်ရှိအချိန်တွင် အလိုအပ်ဆုံးသော စကားဝိုင်းဖြစ်သည်ဟု ယူဆသောကြောင့် အပိုင်းလိုက်တင်ဆက်ထားခြင်းဖြစ်သည်ဟု သူမက ပြောသည်။
“တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး။ (အာဏာသိမ်းမှုကပေးတဲ့ နောက်ဆက်တွဲတွေက) စုပေါင်းနာကျင်မှု၊ စုပေါင်းဆုံးရှုံးမှု၊ စုပေါင်းဝမ်းနည်းမှုတွေ ဖြစ်သွားပြီ။ စုပေါင်းခံစားရမှုတွေရှိလာတဲ့ အခါကျ ဒီအကြောင်းအရာတွေကို ပြောမှဖြစ်မယ်။ (ဆိုတာ ကျွန်မနားလည်လိုက်တယ်) ဒီလိုအကြောင်းအရာတွေကို ရင်ဖွင့်ဖို့၊ နားထောင်ဖို့ ပလက်ဖောင်းတစ်ခု အရေးပေါ်လိုအပ်လာတယ်” ဟု နန္ဒာက ပြောသည်။
ယခုလို စိတ်ကျန်းမာရေးအတွက် ပြောကြားပေးသောကြောင့် သူမ၏ podcast နားထောင်သူများ၊ တက်ကြွလှုပ်ရှားသူများမှသည် ကျေးရွာများမှ သက်ကြီးရွယ်အိုများအထိ သူမကို ကျေးဇူးတင်ကြောင်း ပြောကြသည်။
“လူတွေကို သူတို့ခံစားနေရတဲ့ စိတ်ခံစားမှုတွေဟာ ပုံမှန်ဖြစ်တယ်ဆိုတာကို သိလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့တဲ့အတွက် ဒါကို အောင်မြင်မှုတစ်ခုလို့ ခံစားမိတယ်” ဟု သူမကဆိုသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ
အာဏာသိမ်းဆန့်ကျင်မှုလှုပ်ရှားမှုများကြောင့် ဖေဖော်ဝါရီလမှ ယခုအထိ လူပေါင်း ၆,၀၀၀ နီးပါး ထိန်းသိမ်းခံထားရသည်။
ARTyathakan တွင် ပုံမှန်ပါဝင်နေကြလူအများစုဖြစ်သော တက်ကြွလှုပ်ရှားသူများနှင့် စာနယ်ဇင်းသမားများသည် စစ်တပ်နှင့် ရဲ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အကြမ်းဖက်မှုများအတွက် အဓိကပစ်မှတ်များဖြစ်သည်။ အနုပညာကုထုံးအတွက် လုံးခြုံစိတ်ချစွာ ရင်ဖွင့်၍ ရသည့်နေရာတစ်ခု ဖြစ်သော်ငြား မြန်မာစစ်တပ်အာဏာပိုင်များ၏ အန္တာရာယ်မှ လွတ်ကင်းမည်မဟုတ်ပေ။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူစုလူဝေးများကို အဓိကပစ်မှတ်ထားလျက်ရှိပြီး ARTyathakan စီစဉ်သူများနှင့် တက်ရောက်သူများ အကြောင်း ရဲသတင်းပေးများ သိရှိသွားပါက စီစဉ်သူများက နိုင်ငံရေးလှုပ်ရှားမှု မဟုတ်ကြောင်း ငြင်းဆိုသော်ငြား အရေးယူခံရမည်ကို M က စိုးထိတ်လျက်ရှိသည်။
ထိုသို့ စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ရန် ကနဦးတွင် အနုပညာကုထုံး session များ အကြောင်းကို တစ်ဆင့်စကားဖြင့်သာ တင်းတင်းကျပ်ကျပ် မျှဝေခဲ့ကြသည်။ သို့သော် နှစ်လအကြာတွင် တက်ရောက်လိုကြသော လူဦးရေသည် မျှော်မှန်းထားသည်ထက် များစွာပိုနေကြောင်း M နှင့် အခြားတည်ထောင်သူများ သိနားလည်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို လူမှုကွန်ရက်မှတဆင့် ဇွန်လတွင် စတင်မျှဝေခဲ့ကြသည်။
သို့သော် လုံခြုံရေးအရ ရွေးချယ်ခံထားရသော ပါဝင်သူများကိုသာ အချိန်နှင့် နေရာအတိအကျကို မျှဝေလျက်ရှိသည်။ ယခုအစီအစဉ်များကို အနုပညာကုထုံး ဟု ကြေငြာမည့်အစား ပို၍ယေဘူယျဆန်သည့် အသုံးအနှုံးများဖြစ်သည့် “tea and draw” ကဲ့သို့သော နာမည်ကို အသုံးပြုထားသည်။
ARTyathakan သို့မဟုတ် အခြားသောကုထုံးများနှင့် မဟုတ်သည့်တိုင် အာဏာသိမ်းမှု၏ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဂရုပြုသင့်သည်ဟု ပါရဂူကျောင်းသူ ပန်းနုက ပြောသည်။
ဘေးကင်းသည့်နေရာတွင် ရှိနေသည့် လူများအတွက် နည်းလမ်းတစ်ခုမှာ “စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရသော” နေရာတစ်ခု ဖန်တီးပြီး တရားထိုင်ခြင်း၊ ချစ်ခင်သူများအကြောင်း စဉ်းစားခြင်း၊ ဘာသာရေးယုံကြည်မှုအပေါ် ပုံရေးဆွဲခြင်း၊ ဆုတောင်းခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအကာအကွယ်ပေးနိုင်သော မည်သည့်အရာကိုမဆို ပြုလုပ်ခြင်းဖြစ်သည်။
ပန်းနုက စစ်အုပ်ချုပ်ရေးဆန့်ကျင်သူများကို မုန်တိုင်းကြားက အုန်းပင်များကို မြင်အောင်ကြည့်ဖို့ တိုက်တွန်းထားသည်။ “အုန်းပင်တွေ ယိမ်းထိုးနေတာက ပုံမှန်ပဲလေ။ မုန်တိုင်းကြားမှာ ရောက်နေတဲ့အတွက် ကျွန်မတို့အားလုံးလည်း ယိမ်းထိုးနေမှာပဲ။ ဒါပေမဲ့ အမြစ်တွေအကြောင်း စဉ်းစားကြည့်ရအောင်။ အမြစ်တွေက ပိုပြီးခိုင်မာလေလေ၊ သစ်ပင်ပြိုလဲဖို့က ပိုပြီး ခက်လေလေပဲ။ အဲ့ဒါကြောင့် ကျွန်မက လူတွေကို သူတို့ရဲ့ အမြစ်က ဘာတွေလဲလို့ မေးတယ်။ ပြီးရင် အဲ့အမြစ်အတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ လိုတယ်။ ဒီအမြစ်တွေက နိုင်ငံရေးခံယူချက်လည်း ဖြစ်နိုင်တယ်။ မိသားစု၊ ဘာသာရေးလည်း ဖြစ်နိုင်တယ်။ ကွန်မတို့ကို မျှော်လင့်လျက်ပေးတဲ့ ဘယ်အရာမဆို ဖြစ်နိုင်တယ်” ဟု သူမက ဥပမာပေးသည်။
အနုပညာကုထုံး session များတွင် ပါဝင်လိုပါက Ayathakan ၏ Instagram မှ တဆင့် ဆက်သွယ်နိုင်သည်။