မတ်လ ၃၀ ရက်နေ့တုန်းက စီအန်အန်ရဲ့ နိုင်ငံတကာရေးရာ သတင်းထောက်ချုပ် ခလာရီဆာ ဝါ့ဒ် ဟာ ရန်ကုန်လာမယ့် လေယာဉ်လက်မှတ်ပုံကို သူ့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ သူ့ရဲ့ ဒီလုပ်ရပ်ဟာ လွန်ခဲ့တဲ့နှစ်လအကြာ အာဏာသိမ်းခဲ့ပြီးကတည်းက လူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်အနေနဲ့ ကမ္ဘာ့တစ်ဝှမ်းက ကြည့်ရှုသူသန်းပေါင်းများစွာဆီ လုပ်ကြံသတင်းတွေ ရောက်သွားတော့မလားဆိုပြီး စိုးရိမ်မှုဖြစ်စေပါတော့တယ်။
စစ်တပ်ကစီစဉ်တဲ့ စီအန်အန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ တကယ့်မြေပြင်အခြေအနေတွေကို ဖုံးလွှမ်းသွားမှာ စိုးရိမ်ကြကြောင်း မြန်မာထောင်ပေါင်းများစွာက ခလာရီဆာ ဝါ့ဒ် နဲ့ စီအန်အန်သတင်းဌာနကို တွစ်တာကနေ ပြောပြခဲ့ကြပါတယ်။
ဒီလိုစိုးရိမ်မှုကြောင့်ပဲ မြန်မာပြည်သူတွေဟာ စီအန်အန် အဖွဲ့သားတွေရဲ့ လမ်းကြောင်း တစ်လျှောက် တကူးတက သွားစောင့်နေခဲ့ကြပြီး စစ်တပ်အစောင့်တွေအရှေ့မှာ အန္တရာယ်ရှိနိုင်တယ်လို့ ခလာရီဆာ ဝါ့ဒ် က သတိပေးနေတဲ့ ကြားကပဲ သူနဲ့စကားပြောခွင့် တောင်းဆိုခဲ့ကြသလို ဆန္ဒပြမှုတွေလည်း ရှေ့တင်မှာ လုပ်ခဲ့ကြတာပါ။
စစ်တပ်ကစီစဉ်ပေးတဲ့ ဒီခရီးစဉ်မှာ အတူပါလာတဲ့ ‘အရှေ့တောင်အာရှ ဂလုပ်’ သတင်းစာတိုက်က သတင်းထောက်ဖြစ်တဲ့ အယ်လီဂရာ မင်ဒယ်ဆန် ဟာ ခရီးစဉ်အပြီးမှာပြုလုပ်တဲ့ အွန်လိုင်းတွေ့ဆုံမှု တစ်ခုမှာ ပြောကြားချက်အရ ရန်ကုန်ဈေးတစ်ခုက ပြည်သူတွေဟာ သတင်းထောက်တွေဆီကို လာပြီး “စစ်တပ်ကိုမယုံပါနဲ့။ ငါတို့ ဘာတွေဖြစ်နေသလဲဆိုတာ ရေးပေးပါ” လို့ပြောခဲ့ကြတယ်လို့ သိရပါတယ်။
စီအန်အန် သတင်းထောက်ဟာ အကြောင်းချင်းရာသေချာမသိဘဲ စစ်တပ်ကိုယ်စားလှယ် ဖြစ်သွားမှာကို မြန်မာပြည်သူတွေစိုးရိမ်နေကြမှန်း ခလာရီဆာ ဝါ့ဒ် က သဘောပေါက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ တွစ်တာ ပေါ်ကရေးသားချက်တွေကိုတောင် သူက Like လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ ရောက်ရှိလာခြင်းကို မြန်မာပြည်သူတွေက သက်စွန့်ဆံဖျားကြိုးစားပြီး အမှန်တွေသိသွားအောင် ပြောပြရတဲ့ ကိစ္စတစ်ခုလို့ မမြင်တော့ဘဲ မြန်မာတွေက အဲ့လိုစွန့်လွှတ်စွန့်စားခဲ့ကြတာကပဲ သူ့ခရီးစဉ် ဘယ်လောက်ထိ အရေးပါလဲဆိုတာ သက်သေပြနေသယောင် ပုံဖော်ခဲ့ပါတယ်။
အဆိုးဆုံးကတော့ သူနဲ့စကားပြောခဲ့တဲ့ ဈေးနှစ်ခုမှ လူ ၁၁ ယောက်ကို စစ်တပ်ကဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့အနက် ၃ ယောက်ဟာ ဒီနေ့ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။
ခလာရီဆာ ဝါ့ဒ်ရဲ့ ခရီးစဉ်မတိုင်ခင်ကလည်း မြန်မာ့အာဏာသိမ်း သတင်းတွေ တင်ဆက်ဖို့အတွက် စီအန်အန် ကို ဘာမှ တားဆီးနေတာ မရှိပါဘူး။
လန်ဒန်ကို ဘေးကင်းကင်း ပြန်ရောက်အပြီးမှာတော့ ဒီလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ခလာရီဆာ ဝါ့ဒ် က “ကိုယ့်နဲ့စကားပြောမိလို့ဆိုပြီး လူတွေ လက်တုံ့ပြန် ဒုက္ခခံရတယ်ဆိုတာဟာ သတင်းထောက်တိုင်း အတွက်တော့ အိပ်မက်ဆိုးပါပဲ” လို့ ပြောခဲ့ပါတယ်။
သတင်းစာပညာကို အသုံးချပြီး မြန်မာ့ပြည်သူတွေအတွက် ရေးသားထုတ်လွှင့်ရမယ့်အစား “(စီအန်အန်က လွဲရင်) အခြား နိုင်ငံတကာသတင်းထောက် တစ်ဦးမှ မြန်မာနိုင်ငံထဲ ဝင်ခွင့်မရသေးပါဘူး” ဆိုတဲ့ တမူးသာနေမှုကို တလွဲဆံပင်ကောင်း ညွှန်းဆိုထားပြီး စီအန်အန်ဟာ သူ့ကိုယ်သူ ဇာတ်လိုက် နေရာ ပေးထားခဲ့ပါတယ်။
အနာပေါ်ကို တုတ် ထပ်ကျသလို ဖြစ်စေတာကတော့ ခလာရီဆာ ဝါ့ဒ် ရဲ့ ဒီလို ဆိုးရွား အကျည်းတန်တဲ့ ခရီးစဉ်က တင်ဆက်တဲ့သတင်းတွေဟာ အရင်က နယ်ခံသတင်းထောက်တွေရဲ့ သတင်းတွေထက် ပိုပြီးထူးခြားတာမျိုး လုံးဝမပါခဲ့ပါဘူး။ ကြည့်ရှုနှုန်း မြင့်ရုံကလွဲပြီး တခြား ဘာအကျိုးမှမရှိတဲ့ ထင်ပေါ်လိုစိတ်နဲ့ လေထီးခုန်သတင်းပညာနဲ့ စီအန်အန်ဟာ လူ ၁၁ ယောက်နဲ့ သူတို့ရဲ့မိသားစုတွေကိုပါ အန္တရာယ်တောထဲ ဆွဲခေါ်သွားခဲ့တာပါ။ စီအန်အန် သတင်းခန်းထဲကနေ ခလာရီဆာ ဝါ့ဒ် ကို လှမ်းမေးတဲ့ ပထမဆုံးမေးခွန်းမှာ “မင်းအနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ ဘာလို့အရေးကြီးတာလဲ” လို့ မေးလိုက်တဲ့အခါ ဒီအချက်ဟာ ဘွားခနဲ ပေါ်လာပါတော့တယ်။
လူထုကို သတင်းပေးပို့ရုံမဟုတ်ဘဲ သတင်းရင်းမြစ်တွေရဲ့ လုံခြုံရေးကိုပါ ကာကွယ်ပေးရမယ်ဆိုတဲ့ သတင်းထောက်တွေရဲ့တာဝန်ကို မေ့လျော့ပြီး ကိုယ့်ကိုယ်တိုင်က သတင်းဖြစ်အောင် လုပ်လိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်မှုတွေကို ဒီခရီးစဉ်မှာပါဝင်တဲ့ သတင်းထောက်တွေရဲ့ ကျင့်ဝတ်၊ ရရှိလာတဲ့ သတင်းအချက်အလက်တွေနဲ့ သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ အငြင်းပွားဖွယ်ရာတွေကနေတဆင့် လေ့လာသုံးသပ်ကြည့်နိုင်ပါတယ်။
လေထီးခုန်သတင်းစာပညာကို ကြောင်းကျိုးညီ သုံးသပ်ကြည့်ခြင်း
အစ္စရေး-ကနေဒါ ကပြား နိုင်ငံသား၊ လက်နက်ပွဲစားဟောင်း လော်ဘီတစ်ဦးဖြစ်သူ အရီ ဘန် မန်ရှီး အကွက်ချစီစဉ်တဲ့ လူထုကိုအပြကောင်းချင်တဲ့ ခရီးစဉ်မှာပါဝင်ခဲ့မှုအပေါ် စီအန်အန် နဲ့ အရှေ့တောင်အာရှ ဂလုပ် သတင်းဌာနနှစ်ခုလုံးဟာ အလျှောက်ကောင်းဖို့ ကြိုးစားနေကြပါတယ်။ သတင်းဌာနတွေ အနေနဲ့ကတော့ မြန်မာ့အာဏာသိမ်းမှုဖြစ်စဉ်ကို “မတူညီတဲ့ ရှုထောင့်ကနေ” သတင်းတင်ဆက်ပေးဖို့၊ စစ်တပ်ရဲ့ပြောဆိုချက်ကို နိုင်ငံတွင်းအခြေစိုက် သတင်းထောက်တွေလောက် မစွန့်စားရဘဲ ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်ဖို့အတွက် စစ်တပ်ရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့လိုအပ်တယ်ဆိုပြီး ကာကွယ်ပြောဆိုထားပါတယ်။
ရိုးရိုးသားသား ဝန်ခံရရင်တော့ ကျွန်မလည်း အာဏာသိမ်းမှုအကြောင်းကို သတင်းယူဖို့ မြန်မာနိုင်ငံထဲမှာ ရှိချင်ပါတယ်။ ကျွန်မရဲ့လုံခြုံရေးအတွက် ထွက်မပြေးခဲ့ရခင် လွန်ခဲ့တဲ့ ၂ ပတ်လောက်အထိ မြန်မာပြည်ထဲမှာ ကျွန်မရှိနေခဲ့တာပါ။ မနက်မှာ ကျည်ဆံတွေ မျက်ရည်ယိုဗုံးတွေကို ရှောင်ရှားပြီး ညဘက်မှာကျတော့ ကိုယ်နေတဲ့အိမ်ကို ဝင်အစီးမခံရပါစေနဲ့လို့ မျှော်လင့်ရင်း ရက်သတ္တ ၁၀ ပတ်လောက် အကြောက်တရားနဲ့ နေခဲ့ရတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်မရဲ့ စိတ်တစ်နေရာ မှာတော့ အဲ့ဒီလို ရုန်းကန်လှုပ်ရှားခဲ့ရမှုတွေကို သဘောခွေ့နေခဲ့ပါတယ်။
ဒီအချက်ဟာ စာနယ်ဇင်းလောကမှာ ထပ်ခါထပ်ခါ ပေါပေါများများတွေ့ရတဲ့ အရှေ့တိုင်းတိုင်းမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုကိုလည်း ထင်ဟပ်နေပါတယ်။
အဲ့အတွက်လည်း ခလာရီဆာ ဝါ့ဒ် နဲ့ အယ်လီဂရာ မင်ဒယ်ဆန် တို့အနေနဲ့ ဒီလို စိတ်လှုပ်ရှားဖွယ် တကယ်ဖြစ်ပျက်နေတဲ့ နေရာအထိ သွားချင်တဲ့ဆန္ဒကို ကျွန်မ နားလည်နိုင်ပါတယ်။ သတင်းထောက် တော်တော်များများလည်း အဲ့လိုခံစားချက်တွေဖြစ်ကြတာပါပဲ။ ဒါပေမယ့်လည်း ဆန္ဒတစ်ခုကို နားလည်သဘောပေါက်ပေးနိုင်တာနဲ့ပဲ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ဆန္ဒမဟုတ်ပါဘူးလို့ ပြောလို့မရပါဘူး။ ဒီသတင်းတင်ဆက်ဖို့အတွက် သူတို့တစ်ယောက်မှ မြန်မာနိုင်ငံကို လာစရာမလိုပါဘူး။
ခလာရီဆာ ဝါ့ဒ်ရဲ့ ခရီးစဉ်မတိုင်ခင်ကလည်း မြန်မာ့အာဏာသိမ်း သတင်းတွေ တင်ဆက်ဖို့အတွက် စီအန်အန် ကို ဘာမှ တားဆီးနေတာ မရှိပါဘူး။ စီအန်အန် ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ တစ်ချက်ရှာကြည့်လိုက်ရုံနဲ့ အာဏာသိမ်းပြီးကတည်းက ပရော်ဖက်ရှင်နယ် သတင်းထောက်တွေနဲ့ စီတီဇင်ဂျာနယ်လစ်လို့ ခေါ်တဲ့ ပြည်သူတွေကြားထဲက သတင်းသမားတွေက မြေပြင်က ပေးပို့ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေပါဝင်တဲ့ သတင်းဗီဒီယို ၁၄ ခုကို တွေ့ရမှာဖြစ်ပါတယ်။ ဗီဒီယို ၈ ခုမှာတော့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရသူတွေရဲ့ မိသားစုတွေကို မေးမြန်းစုံစမ်းထားတာတွေ ပါဝင်ပါတယ်။
တကယ်ဆို စီအန်အန်ရဲ့ ခရီးစဉ်မတိုင်ခင်တုန်းက သူတို့ မေးမြန်းစုံစမ်းခဲ့သူတွေမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်ပါ။ စီအန်အန်နဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ရိုက်ပြောဆိုခဲ့ပြီး အာဏာသိမ်းပြီး အစောပိုင်းနေ့တွေရဲ့ အခြေအနေတွေကို တစ်နာရီကြာ ရှင်းပြခဲ့ပါသေးတယ်။ (ဒီလိုလုပ်ပေးခဲ့တာအတွက် စီအန်အန်က ကျွန်မကို ဘာမှပေးထားခြင်းလည်းမရှိပါဘူး။)
စီအန်အန် အနေနဲ့ ကျွန်မရဲ့ ရုပ်နဲ့ နာမည်ကိုအသုံးမပြုဘဲ သတင်းတင်ဆက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် လူသိရှင်ကြားထုတ်ဖော်ပြောကြားမှုကြောင့် မြန်မာနိုင်ငံသားတွေကြုံတွေ့ရမယ့် ဒုက္ခတွေကို သူတို့နားလည်ကြောင်းနဲ့ သူတို့သတင်းထောက်ကိုလွှတ်ပြီး လူတွေ ပိုပြီး ဒုက္ခရောက်အောင်မလုပ်ဘဲ သတင်းတင်ဆက်နိုင်ကြောင်းကို ဖော်ပြနေတာဖြစ်ပါတယ်။
We hope you can hear our voices!@cnnbrk@CNN @cnni@CNNPolitics @clarissaward pic.twitter.com/GP4D2jTZv1
— Zu Zu (@ShweSss) April 1, 2021
အယ်ဂျာဇီးရား သတင်းဌာန နဲ့ပူးတွဲပြီး ပူလစ်ဇာစင်တာ ကနေ ထောက်ပံ့ထားတဲ့ ခရီးစဉ်ရဲ့ ပထမဆုံးသတင်းကို ထုတ်ပြန်ပြီးနှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တဲ့ ဂလုပ် သတင်းဌာနရဲ့ အွန်လိုင်းတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံကိုမသွားခင် မြေပြင်ပေါ်ကသတင်းထောက်တွေနဲ့ စကားပြောပြီး သတင်းစုဆောင်းရှာဖွေမှုတွေလုပ်ခဲ့တယ်လို့ အယ်လီဂရာ မင်ဒယ်ဆန် ကပြောခဲ့ပါတယ်။
သူ့ပြောဆိုချက်တွေအရ ဒီသတင်းဟာ အာဏာမသိမ်းခင် ကတည်းက မြန်မာနိုင်ငံမှာ အခြေစိုက်ထားတဲ့ နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းထောက်တွေက တင်ဆက်ပြီးသားဖြစ်ကြောင်း သာမက နိုင်ငံပြင်ပကလူတွေအနေနဲ့လည်း နိုင်ငံထဲကို လူကိုယ်တိုင်လာစရာမလိုဘဲ အာဏာသိမ်းမှုဖြစ်စဉ်ကို စုံစမ်းထောက်လှမ်းလို့ရတဲ့ နည်းလမ်းတွေရှိကြောင်းကိုပါ ဖော်ပြနေပါတယ်။
ဒီခရီးစဉ်ဟာ “နိုင်ငံခြားသားသတင်းထောက် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံထဲဝင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း” လို့ သူက ဝန်ခံခဲ့ပါတယ်။
အယ်လီဂရာ ရဲ့ သုံးသပ်ချက်က တိကျပါတယ်။ ခလာရီဆာ ဝါ့ဒ်ရဲ့ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံထဲ ပထမဆုံးဝင်ခွင့်ရတဲ့ နိုင်ငံခြားသတင်းထောက် အနေနဲ့ကိုယ့်ကိုယ်ကိုယ် လိုတာထက် အမွှန်းတင်ချက်ကလည်း အတိအကျပါပဲ။ ဒါပေမယ့် ဒီသုံးသပ်ချက်တွေဟာ လေထီးခုန်သတင်းစာပညာကို လျှောက်လဲချက်ကောင်းကောင်း ပေးမယ့်အစား သူတို့ကို ပြန်မေးရမယ့် မေးခွန်းတွေကိုသာ ထွက်ပေါ်လာစေပါတယ်။ မြန်မာနိုင်ငံရဲ့သတင်းကို ဘာလို့ ဒီလူတွေက ပြောပြမှ ဖြစ်ရမှာလဲ။ သူတို့ရောက်လာတာက ဘယ်သူ့အတွက် အကျိုးရှိသွားသလဲ။
မလိုအပ်တဲ့ ထိပ်တိုက်တွေ့ဆုံမှု
ဒီသတင်းထောက် နှစ်ယောက်လုံးဟာ အရှေ့တောင်အာရှနိုင်ငံတစ်ခုက အကြောင်းကို အဲ့နေရာမှာ တစ်သက်လုံးနေလာတဲ့ သူတွေထက် ပိုပြောပြနိုင်မယ်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ မြောက်အမေရိက လူဖြူအမျိုးသမီးတွေပါ။ အယ်လီဂရာ အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သင် တစ်ခေါက်လုပ်ဖူးခဲ့ပေမယ့် ခလာရီဆာ အနေနဲ့ကတော့ ဒီနိုင်ငံနဲ့ပတ်သက်ပြီး အတွေ့အကြုံတစ်ခုမှ မရှိပါဘူး။
သူတို့အနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ တင်ဆက်စရာရှိမယ်လို့ထင်နေတာဟာ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုကြောင့်ပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း မနေဖူးသလို၊ အာရုံလည်းမစိုက်ဖူးတဲ့ ခလာရီဆာ လို အမျိုးသမီးအတွက် ပိုတောင်ဆိုးပါတယ်။ ဒီအချက်ဟာ စာနယ်ဇင်းလောကမှာ ထပ်ခါထပ်ခါ ပေါပေါများများတွေ့ရတဲ့ အရှေ့တိုင်းတိုင်းမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုကိုလည်း ထင်ဟပ်နေပါတယ်။
စီအန်အန် အနေနဲ့ စစ်တပ်က လှည့်စားတာကိုခံရပြီး တစ်ဖက်သတ် ဖော်ပြချက်တွေကို မေးခွန်းမထုတ်ဘဲ ထုတ်လွှင့်လိုက်မှာကို လူထုကြောက်သွားအောင် ခလာရီဆာ ဝါ့ဒ်က မြန်မာနိုင်ငံခရီးစဉ်ကို ကြေညာခဲ့တာပါ။
အာရှနဲ့ အာရှသားတွေအတွက် သူတို့အကြောင်းကို ပြောဆိုပေးဖို့ ရွေးချယ်ခံရသူတွေဟာ လူဖြူတွေသာ ဖြစ်နေပါတယ်။ အတွေ့အကြုံမရှိခြင်းကို အရည်အချင်းမပြည့်ဝခြင်းလို့ သတ်မှတ်ရမယ့်အစား ဘက်မလိုက်ခြင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျခြင်းလို့ သတ်မှတ်တာဟာ မျက်နှာဖြူတွေအတွက်သာ သီးသန့်ဖယ်ထားတဲ့ အခွင့်ထူးအခွင့်ခံ ဖြစ်နေပါတော့တယ်။
သတင်းထောက်တွေအနေနဲ့ ဒီလိုစီစဉ်ထားတဲ့ သတင်းလရီးစဉ်တွေကို လုံးဝလက်မခံသင့်ဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ စီအန်အန် နဲ့ ဂလုပ် သတင်းတိုက် တို့ရဲ့သတင်းတွေမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ စစ်တက်ရဲ့ ဝါဒမှိုင်းတိုက်တဲ့ယန္တရားတွေကို လှစ်ဟပြသနိုင်တဲ့ အချက်ကို တွေ့ရပါတယ်။
“အနောက်တိုင်းမီဒီယာတွေက ငါတို့ကို မှိုင်းတိုက်ပြီး အမြင်တွေပြောင်းဖို့ ကြိုးစားနေတယ်” ဆိုပြီး စစ်သားတွေနဲ့ သတင်းထောက်တွေကို စကားပြောခွင့်မပေးထားကြောင်း စစ်တပ်နဲ့ဆက်ဆံရတဲ့ သူ့လူတစ်ယောက်က ပြောပြကြောင်း အယ်လီဂရာ က ပြန်ပြောပြပါတယ်။ ဒီထွက်ဆိုချက်က မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ ယူဆချက်တစ်ခုဖြစ်တဲ့ အင်တာနက်ဖြတ်တောက်မှုဟာ အာဏာသိမ်း ဆန့်ကျင်မှုတွေကို နှောင့်ယှက်ဖို့အပြင် ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုအတိုင်းအဆကို လုံခြုံရေးတပ်ဖွဲ့တွေ အပြည့်အဝနားမလည်အောင် တားဆီးဖို့ဆိုတာကို မှန်ကန်ကြောင်း အထောက်အပံ့ဖြစ်စေပါတယ်။
နိုင်ငံတွင်း ဖိတ်ခေါ်ခံရခြင်းဟာ ဒီနိုင်အခြေစိုက် သတင်းထောက်တွေထက် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ရာမှာ အန္တရာယ်နဲ့ အပျောက်ဖျောက်ခံရနိုင်ခြေပိုနည်းတယ်ဆိုတဲ့ စဉ်းစားချက်ဟာ တကယ်အသိအမှတ်ပြုရမှာပါ။ ဒီအချက်ကို အယ်လီဂရာ က အွန်လိုင်းတွေ့ဆုံမှုမှာ ထည့်သွင်းပြောကြားခဲ့ပြီး ခလာရီဆာ ကလည်း စီအန်အန်က ဘရိုင်ယန် ရှယ်တာ နဲ့ မေးမြန်းခန်းမှာ အလားတူပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း တကယ်ဖြစ်ခဲ့တဲ့ ထိပ်တိုက်ပြောဆိုမှုတွေဟာ စစ်တပ်အနေနဲ့ ရက်သတ္တပတ်များစွာ ပြောကြားနေခဲ့တဲ့ စကားလုံးတွေပဲ ထွက်လာခဲ့ပါတယ်။ ဒီခရီးစဉ်ကြီးကို စစ်တပ်နဲ့ သူ့ရဲ့လော်ဘီက ကြံစဉ်ထားခဲ့တာပဲ မဟုတ်ပါလား။
မျှော်လင့်ချက် အမှား ပေးခြင်း
ဒီအမှားကနေရရှိလာတဲ့ အသိသာဆုံး ဆိုးကျိုးကတော့ သတင်းထောက်တွေနဲ့ ထိတွေ့ခဲ့တဲ့ မြန်မာပြည်သူတွေ အဖမ်းခံရ အန္တရာယ်ရောက်ရတာပဲဖြစ်ပါတယ်။ အဖမ်းခံရသူအများစုက ပြန်လည်လွတ်မြောက်လာပြီလို့ စီအန်အန် က ပြောကြားသွားပေမယ့် တစ်ကြိမ် အဖမ်းခံရပြီးရင် သူတို့နဲ့ သူတို့မိသားစုဟာ နောက်ပိုင်းမှာစစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကိုခံရဖို့ အလားအလာ ပိုများပါတယ်။
ကျွန်မက စီအန်အန် ရဲ့ ခရီးစဉ်ပထမဆုံးသတင်းကို ဝေဖန်ပြီးနောက်မှာ ခလာရီဆာ က ကျွန်မကို ဆက်သွယ်လာပါတယ်။ “အဓိကရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကို ကောင်းကောင်း အာရုံမစိုက်မိသေးတဲ့နေရာတွေ၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကလူတွေက အာရုံစိုက်မိစေချင်တာ ဖြစ်ကြောင်း” သူက ပြောပြပါတယ်။
ဒါပေမဲ့လည်း ဖမ်းဆီးခံရမှုတွေနဲ့ပတ်သက်ပြီး သူ့ကိုတိုက်ရိုက် မေးမြန်းခဲ့တဲ့အခါမှာတော့ မြန်မာပြည်သူတွေအနေနဲ့ အဖမ်းခံရလောက်တဲ့အထိ စွန့်စားရတဲ့အခြေအနေကို ဖန်တီးရာမှာ သူ့ စနက် မကင်းဘူးဆိုတာကို မဝန်ခံနိုင်ခဲ့ပါဘူး။ အပြန်အလှန်ပြောဆိုဆွေးနွေးမှုကို “ဒီဖမ်းဆီးမှုတွေ အတွက် စစ်အုပ်စုကသာ တာဝန်ရှိကြောင်း” ပြောဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။
အဆုံးသတ်မှာတော့ သူ့ အနေနဲ့ လူပေါင်းသန်း ၅၀ ကျော်ဟာ ရက်စက်တဲ့ စစ်အာဏာရှင် အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကျရောက်နိုင်ခြေရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့သတင်းမှာ သူ့ကိုယ်သူ ဇာတ်ကောင်နေရာအဖြစ် အရယူနိုင်ခဲ့ပါတယ်။
သတင်းထောက်နှစ်ယောက်အနေနဲ့ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့ဖန်တီးခဲ့တဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့အခြေအနေတွေအတွက်တော့ တာဝန် ယူသင့်ပါတယ်။ စီအန်အန် အနေနဲ့ စစ်တပ်က လှည့်စားတာကိုခံရပြီး တစ်ဖက်သတ် ဖော်ပြချက်တွေကို မေးခွန်းမထုတ်ဘဲ ထုတ်လွှင့်လိုက်မှာကို လူထုကြောက်သွားအောင် ခလာရီဆာ ဝါ့ဒ်က မြန်မာနိုင်ငံခရီးစဉ်ကို ကြေညာခဲ့တာပါ။
ရက်အတန်ကြာ တောင်းဆိုမှုအပြီးမှာတော့ သူနဲ့ သူ့အဖွဲ့သားဟာ သူတို့နဲ့ ဆက်သွယ်ရတဲ့သူတွေကို ဈေးနှစ်ခုဆီ ခေါ်သွားဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။ ခန့်မှန်းရလွယ်တဲ့ အကျိုးဆက်အနေနဲ့ ပြည်သူတွေဟာ အဖမ်းခံရနိုင်တဲ့ကြားက မဖြစ်မနေ သူတို့နဲ့ စကားပြောရပါတော့တယ်။ တချို့ပြည်သူအနေနဲ့ စကားပြောရင်း တုန်ယင်နေကြပါတယ်။
ဒါဟာ ခလာရီဆာ ဝါ့ဒ် အနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို လစ်လျူရှုပြီး သတင်းရင်းမြစ်တွေရဲ့ ဘေးကင်းရေးကို သေချာစေရမယ်ဆိုတဲ့ တာဝန်ကို ပစ်ပယ်တဲ့ တစ်ခုတည်းသောဖြစ်ရပ် မဟုတ်သေးပါဘူး။ တရားခံ မပေါ်တဲ့ရှို့မီးကြောင့် မီးလောင်သွားတဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်တစ်ယောက်က အစိုးရဆီက အကူအညီကိုမျှော်လင့်တယ်လို့ ပြောလိုက်တဲ့အခါမှာ “ဘယ်သူက အစိုးရလဲ” လို့ ခလာရီဆာ က မေးမြန်းခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ စစ်သားတွေဝိုင်းနေတဲ့အတွက် လေးပင်စွာရယ်ပြလိုက်ပြီး မဖြေတတ်ကြောင်းပြောတဲ့အခါမှာ “ဖြေရခက်တဲ့မေးခွန်း” တစ်ခုကို မေးလိုက်နိုင်တဲ့အတွက် သူ့အနေနဲ့ သဘောခွေ့နေပုံရပါတယ်။
သူ မေးလိုက်တဲ့မေးခွန်းကို တစ်ဖက်အမျိုးသမီးအနေနဲ့ ဘယ်လိုပြန်ဖြေဖြေ ဒုက္ခ ရောက်နိုင်ပါတယ်။ သတင်းတန်ဖိုးလုံးဝမရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အမေးခံရသူ အမျိုးသမီးရဲ့ ကြောက်ရွံ့မှုကို ရိုက်ပြချင်ရုံသက်သက် ရည်ရွယ်ပြီးမေးတာပဲဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ သူ့ အနေနဲ့ လူပေါင်းသန်း ၅၀ ကျော်ဟာ ရက်စက်တဲ့ စစ်အာဏာရှင် အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကျရောက်နိုင်ခြေရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့သတင်းမှာ သူ့ကိုယ်သူ ဇာတ်ကောင်နေရာအဖြစ် အရယူနိုင်ခဲ့ပါတယ်။ သူ့အတွက်သာ စဉ်းစားပြီး သူ့ကို ဝေဖန်သူတွေကို “မြန်မာနိုင်ငံမရောက်ဖူးတဲ့ လူဖြူအမျိုးသား ပညာရှင်တွေ၊ ဝေဖန်သူတွေ” လို့သာ မျက်စိမှိတ် ငြင်းချက်ထုတ်နေပါတော့တယ်။
သူတို့အကြောင်း ထုတ်ဖော်ပြောကြားပေးတဲ့အတွက် ချီးကျူးနေကြတဲ့ မြန်မာနိုင်ငံက အားပေးထောက်ခံသူ အသစ်တွေက ပေးပို့ထားတဲ့ ပန်းနုသွေးဓာတ်ပုံတွေကို အပြန်ပြန်အလှန်လှန် (တွစ်တာပေါ်မှာ) Love ပေးလိုက်၊ တစ်ဆင့်ပြန်တင်လိုက် လုပ်နေပါတော့တယ်။ ကယ်တင်ရှင်ကို မျှော်လင့်တကြီးတောင့်တနေတဲ့ လူထုကို သူရဲ့ လူပြိန်းကြိုက်ပုံစံတင်ဆက်မှုက တစ်ဆင့် မျှော်လင့်ချက်အတုအယောင်တွေ ပေးခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိခြင်းဟာ ဒီအချက်မှာတော့ အသိသာဆုံးပါ။ သူ့ကိုစကားလာပြောဖို့ ပြည်သူတွေရဲ့ အားထုတ်မှုဟာ “အခြားနည်းလမ်းမရှိတော့တဲ့ ပြည်သူတွေရဲ့ အပူတပြင်းတောင့်တမှုနဲ့ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို အပူတပြင်းလိုလားနေမှု” တို့ကိုပြသနေတယ်ဆိုပြီး သူ့ရဲ့သတင်းတင်ဆက်မှုကို အဆုံးသတ်ထားပါတယ်။ ပြည်သူတွေဟာ မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက အာရုံ မစိုက်မှာကို စိုးရိမ်နေတာတင်မဟုတ်ဘဲ သတင်းမှားတွေ တင်ဆက်မှာကို စိုးရိမ်နေတာဆိုတာကိုတော့ သူ နားလည်ပုံမရပါဘူး။
မျက်နှာဖြူကယ်တင်ရှင်တစ်ယောက်က တင်ဆက်တာသာ မဟုတ်ဘူးဆိုရင် အာရှသားတွေရဲ့ သတင်းတွေကို ကမ္ဘာကြီးက နားထောင်လေ့မရှိဘူးဆိုတာ မြန်မာနိုင်ငံသားတွေက သိကြပါတယ်။ ခလာရီဆာ ဝါ့ဒ် ရဲ့ အပေါ်ယံတင်ဆင်တဲ့သတင်းတွေ၊ သတင်းရင်းမြစ်တွေကို အန္တရာယ် ဖြစ်စေတာတွေနဲ့ သူ့ရဲ့ ရှက်ဖွယ်အကြောင်းပြချက်တွေဟာ အဲ့ဒီ စိတ်ပျက်စရာအရှိတရားကို ပိုပြီး ပေါ်လွင်နေစေပါတော့တယ်။